ချစ်သော အယ်ဒို
. . . အယ်ဒို
. .အယ်ဒို
လှမ်းမြင်နေကြရသော်လည်း
မှန်ချပ်ခြားနေသလို မဆုံနိုင်တဲ့ ငါတို့ဘဝတွေအတွက် ရင်တွေ
ကွဲကြွေပျက်သုဉ်းအောင် ခံစားကြရပြီ။ အနိမ့်အမြင့် မညီတဲ့ လောကဓံမှာ ငါဟာ
နင့်ခြေဖဝါးကို ဆူးနစ်စေခဲ့တဲ့ ဆူးတစ်ချောင်းဖြစ်ခဲ့လေသလား။ ဘယ်လိုပဲတားတား
ပိုးဖလံဟာ မီးထဲကို တိုးဝင်ကြတယ်ဆိုပေမယ့် ငါဟာ နင်တိုးဖို့ မသင့်တော်တဲ့
မီးတစ်စပါ အယ်ဒိုရယ်။ ပုလင်းကွဲအပိုင်းအစတွေကို ပြန်ဆက် မရသလို
ကွာခြားနေတဲ့ သက္ကရာဇ်တွေကြားမှာ ဆယ်စုနှစ်စာလောက် ငါတို့ နယ်ရုပ်တွေလို
ရှေ့တိုး နောက်ဆုတ်လို့ မရခဲ့ဘူး အယ်ဒို။ အချစ်ကို ကန့်သတ်၊ အတ္တကို
ရှေ့တန်းတင်ပြီး စာအုပ်ကြီးအတိုင်း လိုက်ချင်ကြတဲ့ သူတွေရဲ့သမိုင်းမှာ ငါက
နင်ကျော်ဖတ်လိုက်ရမယ့် စာမျက်နှာလေးတစ်ရွက်ပါ။ သဘာဝအရဆိုတဲ့
အထပ်ထပ်ခေါက်ရိုးကျိုး အတွေးအခေါ်တွေရဲ့ မီးပူစော်ပဲ နံတယ်။ အဲဒီနောက်
ငါတို့ အချစ်တွေလည်း အဝတ်တွေလို ခေါက်သိမ်းခံရ၊ နှင်းစက်တွေလို
တွဲလဲခိုလိုက်ရပါပဲ အယ်ဒို။ လကမ္ဘာကို ခြေထောက်နဲ့ ရောက်အောင်သွားမယ်ဆိုတဲ့
စိတ်မျိုးရှိမနေသေးသရွေ့တော့ နင်နဲ့ငါ့အချစ်က လူတွေရဲ့ပါးစပ်ရာဇဝင်မှာ
ပြောမဆုံးအောင် ရှိနေမှာပါပဲ။ အဲဒီ အာငွေ့မှုတ်သံတွေက ငါတို့ရဲ့ဝတ်ရည်တွေကို
ခူးတဲ့ ပျားပါးစပ်တွေလို ကြမ်းရှဝေရီ ခဲ့တာ ငါလည်း ခါးတယ် အယ်ဒိုရယ်။
တကယ်ဆို
ငါ မဝေးချင်ခဲ့ပါဘူး။ နင့်ကို မခွဲချင်လိုက်တာမှ နင်သွားလေရာ
လိုက်ပါနေခွင့်ရတဲ့ အရိပ်တောင် မဖြစ်ချင်ခဲ့ဘူး။ (အရိပ်ဆိုတာ
အလင်းရောင်နည်းနည်းလေးမှ မရှိခဲ့ရင် အရိပ်ရဲ့ အခန်းကဏ္ဍကလည်း
ထင်းတောက်ပြခွင့်မှ မရပဲ အယ်ဒိုရယ်)။ ငါက… နင့်နှလုံးသားလေးပဲ ဖြစ်ချင်တယ်။
နင့်ရဲ့ ရှင်သန်မှုမှာ အရေးအပါဆုံးနဲ့ အနီးကပ်ဆုံး အသက်ရှူသံတွေကို ထာဝရ
မှေးစက်နေခွင့်ရချင်တာပါ အယ်ဒိုရယ်။ ငါနင့်ကို အရမ်းချစ်သလို နင်လည်း
ငါ့ကို ချစ်လွန်းလို့ မိုက်မဲကြမယ်ဆိုရင်တောင်မှ ငါ
တကယ်တမ်းလိုက်မလုပ်နိုင်ပါဘူး။ ငါလေ နင့်ကို ငြိတွယ်လွန်းစွာ
ပိုင်ဆိုင်ချင်တဲ့ စိတ်တွေဟာ အလင်းရှာသူတစ်ယောက်က မြင်နေရတဲ့
လရောင်ကိုတောင် မခိုလှုံရက်တဲ့ အဖြစ်မျိုးနဲ့တူတယ်။ ဒါပေမယ့် အယ်ဒိုရယ်
နင်ပြောခဲ့သလို မှောင်နေရင်တောင်မှ အလင်းရောက်အောင် လမ်းပြပေးမယ့်
မီးအိမ်လိုငါက နင့်ကို အမှောင်ထုထဲ အတင်းဆွဲခေါ်ရက်ပါ့မလား အယ်ဒို။
နင်သွားမယ့် လမ်းမှာ ငါက ဆူးညှောင့်ခလုတ်မဖြစ်ပဲ နင့်ကို အမြင့်ရောက်အောင်
ပို့ဆောင်ပေးမယ့် လှေကားထစ်ကလေးပဲ ဖြစ်ပါရစေ။ ငါဟာ ကိုယ့်ဥယျာဉ်ထဲက ပန်းကို
ပြန်နမ်းခွင့်မရှိသူ၊ နွေရာသီထဲကို မုတ်သုန်တွေနဲ့ ဝင်လာခွင့်မရှိတဲ့
ဆောင်းလိုသူ၊ အားလုံး အားလုံး ဝေးကွာခြင်းသီအိုရီတွေအတွက် ကိုယ့်အိပ်မက်ကို
ကိုယ်သင်း၊ ကိုယ့်မျှော်လင့်ချက်ကို ကိုယ်နင်း၊ နောက်ဆုံး
ကိုယ့်နှလုံးသားကို ကိုယ်ကိုတိုင်ပဲ ကြိုးမိန့်ချလိုက်ပါတယ်။
ငါ
နောင်တမရပါဘူး။ ရှိုင်းနက်ပြောင်မြောက် ကြောက်လောက်စရာကောင်းတဲ့
အလွမ်းတွေထဲမှာ ငါတစ်ယောက်တည်း ရှိနေပေမယ့် ငါ အထီးမကျန်ပါဘူး အယ်ဒိုရယ်။
လက်တွေ့ဘဝထဲမှာ နင်မရှိနိုင်ပေမယ့် ငါ စိတ်ကူးလိုက်တိုင်းမှာ နင်က
အမြဲရှိတယ်။ နွေသံကြားလိုက်တိုင်းမှာ နင်ရှိတယ်။ မိုးသံကြားလိုက်တိုင်းမှာ
နင်ရှိတယ်။ ဆောင်းသံ၊ မြူသံတွေကြားရတိုင်းမှာလည်း နင်ရှိနေပါတယ်။ ငါ့အတွက်
နင်ဟာ ထာဝရ ရှိနေသူပါ။ ငါ ဘယ်သွားသွား ဘာလုပ်လုပ် ဘေးနားမှာ
နင်အမြဲရှိနေတယ်။ ငါ့ရင်ထဲမှာ နင်ရှိနေမှတော့ ငါဘာကို ကြေကွဲနေရဦးမှာလဲ။
ငါမလွမ်းတော့ပါဘူး အယ်ဒိုရယ်။
ဝလုံးနဲ့သုညဟာ
နေရာ အထားအသို အသုံးပြုပုံချင်းမတူကြပေမယ့် ပုံသဏ္ဌာန်ချင်းကတော့
အတူတူပါပဲ။ အားလုံးထက် သာချင်ပေမယ့် ငါ့ရဲ့အချစ်စိတ်ဟာတော့ သုညနဲ့
ယှဉ်ရက်သားဖြစ်နေမိတဲ့ ဝလုံးကလေး ဖြစ်နေမှာပါ။ နင် နားလည်မှာပါစေ အယ်ဒိုရေ။
အချစ်ကြီး
ချစ်ပြခဲ့ပြီးမှ အမုန်းကြီးမုန်းတတ်သူရယ်လို့ နင်နာကြည်းနေပြီလား။
ပတ်သက်ခဲ့သမျှ ပုံပြင် အထပ်ထပ်နဲ့ မရစ်ဖွဲ့ခဲ့သလို၊ ဘယ်ဝင်္ကပါထဲကိုမှလည်း
ထောင်ချောက်အထပ်ထပ်နဲ့ ပစ်မထည့်ခဲ့ဘူးဆိုတာ နင်ယုံပေးပါ။
မယုံကြည်ချင်စရာကောင်းလောက်အောင် စိမ်းကားမာကျောတတ်သူရဲ့ ရက်စက်မှုတွေထဲမှာ
နင့်အမုန်းတွေနဲ့ ဥပေက္ခာပြုထားလိုက်ပြီလား။ နာကြည်းပါ ၊ မုန်းမေ့ပါ
အယ်ဒိုရယ်။ ပြီးရင်တော့ အရင်အတိုင်းပဲ ကောင်းကင်မှာ ထွန်းတောက်တစ်ငွေ့ငွေ့
ငါ့ရင်ခွင်ကို ချမ်းမြေ့နေခွင့်ပေးပါ။
“ကံကြမ္မာ
အခြေအနေပေးရင် ပြန်ဆုံချင်သေးတယ်’’ လို့တော့ ငါ ဆုမတောင်းတော့ပါဘူး။
ဘယ်လိုပဲ ပြန်ဆုံဆုံ နင်နဲ့ငါ့ကြားက စည်းတစ်ခုရဲ့ ခြားနားချက်က
ဖျက်ပစ်လို့မှ မရတာပဲ။ တကယ်တော့ အယ်ဒိုရယ်။ နင်နဲ့ငါဟာ ကြတ်ခြေခတ်တစ်ခုရဲ့
ဆုံမှတ်ကလေးမှာပဲ ပေါင်းဆုံခွင့်ရှိကြပြီး နောက်ဆုံးတော့
ကိုယ့်လမ်းကိုယ်သွားကြရမယ့် မျဉ်းနှစ်ကြောင်းပါပဲ။ ဘဝပင်လယ်ပြင်မှာ
လှေငယ်တစ်စင်းနဲ့ ရွက်လွင့်နေတဲ့ နင့်အတွက် ငါ့ရဲ့ လှိုင်းတစ်ချက်ဒဏ်ကြောင့်
ရေမျောကမ်းတင် မျောချင်ရာမျောဆိုသလို မဖြစ်စေချင်ဘူး။ နင့် ဦးတည်ရာကို
ဖြောင့်ဖြောင့်တန်းတန်း ရောက်အောင်သွားနိုင်ဖို့ ငါ နင့်အရှေ့က
ရေစီးကြောင်းလေးပဲ ဖြစ်ပါရစေ။
သွားလိုက်ပါ။
ထားခဲ့ပါတော့ အယ်ဒိုရယ်။ ဆုံနိုင်ခွင့် ဆိုတာကို ဒီဘဝမှာ
မတောင်းဆိုတော့ပေမယ့် အဖန်တလဲလဲ ကျင်လည်နေကြတဲ့ သံသရာမှာ နောင်ဘဝဆိုတာ
ရှိလာခဲ့ရင်ဖြင့် နင်နဲ့ငါ့ အကြား ဘာကွာခြားမှုမှ မရှိတဲ့ စွယ်တော်ရွက်လို
ဘဝမျိုးနဲ့ ပြန်လည် ချစ်ခွင့်ကြုံဆုံချင်ပါသေးတယ်။ နောင်ဘဝမှာပေါ့။
. . . . . . . .
. . . . . . . .
. . . . . . . .



No comments:
Post a Comment