Saturday, November 7, 2009

ပန်းသီတဲ့ ကြိုး

ကောင်လေးရယ်....
နင့်ရင်ခွင်က ဗုံသံတွေကြားရတဲ့အခိုက်
ပျော်မြူးစွာ ကခုန်မိခဲ့တဲ့ငါ
အချိန်လွန်မှ သိလိုက်ရတာ
ငါ့နှလုံးသား ယစ်ပူဇော်ပွဲတဲ့လား......။

ချစ်တတ်ခြင်းနဲ့ ငါ့ရင်ခွင်ကို
စစ်မြေပြင်လို သဘောထားရက်တဲ့နင်
ငါ့နှလုံးသားစာမျက်နှာကို
အနီရောင်စုတ်ချက်တွေနဲ့
ဆေးခြယ်သွားရက်တယ်နော်....။

ကောင်လေးရေ...
ငါ့ရင်ခွင်က လမင်းလေး
ငါ့နန်းတော်ရဲ့ အရှင်သခင်လေး
ငါ့နှလုံးသားရဲ့ မှော်ဆရာလေးရေ...
နင်ခိုဝင်မှေးစက်ဖူးတဲ့
သနပ်ခါးတောကို စွန့်ခွာ
ဘယ်ရောင်စုံနံ့သာတောမှာ
နင်အုပ်စိုးမင်းမူနေပြီလဲ......။

နင်ဆော့ကစားလိုတဲ့
ဆံနွယ်ရှည်တွေ ငါ့မှာ မရှိတဲ့ အခါ
ဘယ်ကေသာရှည်နွဲ့ကြားမှာ
နင့်ခေါင်းလေး ဝှက်ထားပြီလဲ......။

နင်ဆိုချင်တာ ချိုနွဲ့နွဲ့တေးသွား
နင်ကြားလိုတာ နူးညံ့ညံ့ သံစဉ်တွေ
မဆိုရ မကြားရတဲ့ အခိုက်
နင့်သောတ အာရုံက
ဘယ်ဘုံမှာ နစ်မျောနေပြီလဲ......။

ငါ့အတွက်ရည်စူး
နင်ရေးစပ်ဖူးတဲ့ လင်္ကာတွေမှာ
ဘယ်အက္ခရာလေးတွေက
ကျောက်စာတွင်ရစ်နေပြီလဲ.....။

ပြက္ခဒိန်အဟောင်းလေးတွေမှာ
နင်နဲ့ငါ စီးနင်းလိုက်ပါဖူးခဲ့တဲ့
တနင်္ဂနွေရထားလေးက
ဘူတာရုံအိုလေးကို စွန့်ခွါ
ဘယ်ဘူတာရုံ အသစ်မှာ ဥသြသံပေးနေပြီလဲ...။

နင့်ကို တမ်းတခြင်းတွေ ဖွေးဖွေးလှုပ်နေတဲ့
ငါ့အလွမ်းမြစ်ကမ်းစပ်ကတော့
စိုးရိမ်ရေမှတ်ရောက်နေခဲ့
နင်ကတော့ ဘယ်မိုင်တိုင် အမှတ်ဘယ်လောက်မှာ
စခန်းချရပ်နားထားပြီလဲ.....။

ချစ်သူကို ချစ်တတ်ရုံက လွဲလို့
မုသားကို ကြိုးမသီချင်တဲ့ငါ
အရိုးခံ ခရေပွင့်လေး အဖြစ်နဲ့
နင့်ကို..
လွမ်းရစ်နေဆဲပါကောင်လေးရယ်
လွမ်းနေဆဲပါကွယ်.......။