Saturday, January 5, 2013

ပန်းတစ်ပွင့် မှာတမ်း

လှပလန်းစွင့်၊ပန်းတစ်ပွင့်ရယ်
ပင်ယံထက်မှာ၊ တင့်တယ်နေငြား
လေပြင်းကခြွေ ၊ကြွေရတော့မယ်
မကြွေခင်သူ့စကား ၊အမှာတော်ပါးလိုက်ပါရစေ......
 ကြင်နာရင်ခွင်၊ ချစ်ပန်းပင်အား
အစဉ်တွယ်တာ မခွဲချင်ပါလည်း
ကံစီမံရာ မလွန်ဆန်သာမို့
ခွဲခွာရကြောင်းပြောချင်တယ်...
ပန်းပွင့်လေးအပါး၊ ခြံရံခစား
ပျားအပေါင်းတို့အား၊အမှာစကားမရှိငြားလည်း
နှုတ်ဆက်ပါကြောင်း မှာချင်တယ်.....
ပန်းပွင့်သခင်၊အကြင်နာရှင်
ဥယျာဉ်မှုးအား၊ ဘယ်များမမေ့
သခင့်စေတနာ၊ ရင်မှာစင်စစ်
ကျေးဇူးတင်ရစ်ကြောင်းသိစေချင် တယ်.......
အမှာတော်သူ့စကား၊ပြောကြားလို့မဆုံးခင်
လေပြင်းနှင်လာ၊မယှဉ်သာမို့
အားမာန်ကိုလျှော့ ၊လေနှင်ရာသော့
ဖြုတ် ခနဲကြွေ၊သွားရှာလေပြီကွယ်....။
 
 

ပျက်ပြယ်သွားသော အိပ်မက်လေး

မျောလွင့်သွားတဲ့ တိမ်စိုင်တွေနဲ့ အတူ
ငါ့ရဲ့ အိပ်မက်တို့ နွမ်းကြေသွား
ဘ၀ဟာ ခပ်ပါးပါးတောင်မှ
ပျော်ရွှင်ခွင့်မရှိတာဘာကြောင့်လဲကွယ်.....
မက်ခဲ့ဖူးပါတယ်
အမျိုးမျိုးသော အိပ်မက်တွေ
အရောင်တွေ မျိုးစုံနဲ့
တချို့ က ချိုမြ
တချို့ က ခါးသက်
လောကကြီးကို ပုံဖော်ထုဆစ်မယ်ဆိုပြီး
ငါမက်ခဲ့တဲ့ အိပ်မက်
အဖြူရောင်သက်သက်လေးပါကွယ်..
ဖြူ လွလွ အိပ်မက်ကလေးကို
ဆေးရောင်စုံခြယ်ကြတဲ့သူတွေကြောင့်
ငါ့အိပ်မက်တို့ စွန်းထင်ခဲ့ပြီ
ငါရစ်မူးချိုမြိန်ခဲ့တဲ့
အဖြူရောင်လေး ဘယ်ဆီများရောက်နေပြီလဲကွယ်...
ပြန်စဉ်းစားရင်လွမ်းမိတယ်ဆိုပေမဲ့
ဒဏ်ရာရနေတဲ့ အိပ်မက်တွေကိုတော့
ငါမလိုချင်တော့ပါဘူး....
ဖြူဖြူ စင်စင် အိပ်မက်ကို
ဘယ်လိုအကြောင်းတွေနဲ့များ
အရောင်းပြောင်းချင်ရတာလဲ ပတ်ဝန်းကျင်ရယ်...
ခုတော့...
ကွဲကြေနေတဲ့ အိပ်မက်အပိုင်းအစတွေနဲ့
ဝေသီနေတဲ့ အနာဂတ်ကိုပဲ
ပိုင်ဆိုင်ခွင့်ရတော့မဲ့ဘဝ
အပျော်တွေ ပျက်သုန်း
အိပ်မက်တွေလဲဆုံးရှုံးခဲ့ရ
အဆိပ်သင့်နေတဲ့ နေ့ရက်တွေကိုလျှောက်
မတ်မတ်တောင်မှ မထူနိုင်တော့ဘူးလေ
အားလုံးကို အရှုံးပေး
လောကကြီးရဲ့အဝေးကိုပဲ
ငါထွက်ပြေးချင်တယ်...

ကြိုး

ချစ်သူရေ . . .
မာယာမဲ့ ချစ်ခြင်းကိုမှ
လှောင်အိမ်ကင်းကင်းနဲ့လိုချင်တဲ့ ငါ …

ခုတော့ . . .
မရဏလှောင်အိမ်မှာ ချောင်ပိတ်မိနေပါရော့လား. . .
သိုးကျောင်းသားတွေလို
လေးခွတစ်လက်နဲ့ ကမ္ဘာပတ်ချင်တဲ့ ငါ …

အလစ်အငိုက်ဝင်လာတဲ့
ရန်သူ့ ကျည်ဆန်အောက်မှာ
နှလုံးသွေးတို့ ရဲရဲနီစွေးခဲ့ပေါ့. . .

အလွမ်းတွေ တစက်စက်ကျ
ချစ်တယ်လို့ အော်သံတွေ
သစ္စာတရားက ပဲ့တင်ထပ်နိုင်ပါ့မလား. . .

ဘီလူးဆိုင်းနဲ့ ဗိန်းဗောင်းကနေတဲ့ အထဲ
နတ်သမီး စောင်းသံ
ကချေသည်တို့ရဲ့ နူးညံ့မှု
ဘယ်လို ရှာရမလဲကွယ်. . .

ချစ်သူရေ. . .
လှော်တက်က မကျိုးပါဘူး
ဝင်လာတဲ့ ရေတွေကသာ
ခပ်ထုတ်လို့ မကုန်နိုင်တာပါ. . .

တောင်စွယ်မှာ နေကွယ်ခဲ့ပေမယ့်
ညအခင်းလင်းစေဖို့
လတစ်စင်းတော့ ရှိဦးမှာပါ . . .

လူသားတိုင်း အလင်းချစ်တတ်ကြသူတွေမို့
မင်း လမင်းကိုရှာပါ . . .
လမင်းမှာ သာပါ. . .

မြစ်တစ်စင်းအောက် ကြမ်းပြင်မှာ
အနားယူသွားတဲ့ လှေတစ်စင်းကိုလည်း
မင်းမေ့ထားလိုက်ပါကွယ်. . .

ဒါပေမယ့်. .
ဒါပေမယ့်ပေါ့ ချစ်သူရယ် . . .
တခါတလေမှာ အခါကောင်းလို့
လှောင်အိမ်ထဲက ငှက်
ပြေးထွက်နိုင်ခဲ့ရင်
မင်းလက်မှာ နားပါရစေကွယ် . . .

နွေးထွေးချိုမြ
သံယောဇဉ်ဖြူလွလွနဲ့
မင်းကြိုနေပေးပါနော် . . .


ပန်းကျောင်းအိမ်

ချစ်သော အယ်ဒို

. . . အယ်ဒို

. .အယ်ဒို
           
လှမ်းမြင်နေကြရသော်လည်း မှန်ချပ်ခြားနေသလို မဆုံနိုင်တဲ့ ငါတို့ဘဝတွေအတွက် ရင်တွေ ကွဲကြွေပျက်သုဉ်းအောင် ခံစားကြရပြီ။ အနိမ့်အမြင့် မညီတဲ့ လောကဓံမှာ ငါဟာ နင့်ခြေဖဝါးကို ဆူးနစ်စေခဲ့တဲ့ ဆူးတစ်ချောင်းဖြစ်ခဲ့လေသလား။ ဘယ်လိုပဲတားတား ပိုးဖလံဟာ မီးထဲကို တိုးဝင်ကြတယ်ဆိုပေမယ့် ငါဟာ နင်တိုးဖို့ မသင့်တော်တဲ့ မီးတစ်စပါ အယ်ဒိုရယ်။ ပုလင်းကွဲအပိုင်းအစတွေကို ပြန်ဆက် မရသလို ကွာခြားနေတဲ့ သက္ကရာဇ်တွေကြားမှာ ဆယ်စုနှစ်စာလောက် ငါတို့ နယ်ရုပ်တွေလို ရှေ့တိုး နောက်ဆုတ်လို့ မရခဲ့ဘူး အယ်ဒို။ အချစ်ကို ကန့်သတ်၊ အတ္တကို ရှေ့တန်းတင်ပြီး စာအုပ်ကြီးအတိုင်း လိုက်ချင်ကြတဲ့ သူတွေရဲ့သမိုင်းမှာ ငါက နင်ကျော်ဖတ်လိုက်ရမယ့် စာမျက်နှာလေးတစ်ရွက်ပါ။ သဘာဝအရဆိုတဲ့ အထပ်ထပ်ခေါက်ရိုးကျိုး အတွေးအခေါ်တွေရဲ့ မီးပူစော်ပဲ နံတယ်။ အဲဒီနောက် ငါတို့ အချစ်တွေလည်း အဝတ်တွေလို ခေါက်သိမ်းခံရ၊ နှင်းစက်တွေလို တွဲလဲခိုလိုက်ရပါပဲ အယ်ဒို။ လကမ္ဘာကို ခြေထောက်နဲ့ ရောက်အောင်သွားမယ်ဆိုတဲ့ စိတ်မျိုးရှိမနေသေးသရွေ့တော့ နင်နဲ့ငါ့အချစ်က လူတွေရဲ့ပါးစပ်ရာဇဝင်မှာ ပြောမဆုံးအောင် ရှိနေမှာပါပဲ။ အဲဒီ အာငွေ့မှုတ်သံတွေက ငါတို့ရဲ့ဝတ်ရည်တွေကို ခူးတဲ့ ပျားပါးစပ်တွေလို ကြမ်းရှဝေရီ ခဲ့တာ ငါလည်း ခါးတယ် အယ်ဒိုရယ်။
တကယ်ဆို ငါ မဝေးချင်ခဲ့ပါဘူး။ နင့်ကို မခွဲချင်လိုက်တာမှ နင်သွားလေရာ လိုက်ပါနေခွင့်ရတဲ့ အရိပ်တောင် မဖြစ်ချင်ခဲ့ဘူး။ (အရိပ်ဆိုတာ အလင်းရောင်နည်းနည်းလေးမှ မရှိခဲ့ရင် အရိပ်ရဲ့ အခန်းကဏ္ဍကလည်း ထင်းတောက်ပြခွင့်မှ မရပဲ အယ်ဒိုရယ်)။ ငါက… နင့်နှလုံးသားလေးပဲ ဖြစ်ချင်တယ်။ နင့်ရဲ့ ရှင်သန်မှုမှာ အရေးအပါဆုံးနဲ့ အနီးကပ်ဆုံး အသက်ရှူသံတွေကို ထာဝရ မှေးစက်နေခွင့်ရချင်တာပါ အယ်ဒိုရယ်။ ငါနင့်ကို အရမ်းချစ်သလို နင်လည်း ငါ့ကို ချစ်လွန်းလို့ မိုက်မဲကြမယ်ဆိုရင်တောင်မှ ငါ တကယ်တမ်းလိုက်မလုပ်နိုင်ပါဘူး။ ငါလေ နင့်ကို ငြိတွယ်လွန်းစွာ ပိုင်ဆိုင်ချင်တဲ့ စိတ်တွေဟာ အလင်းရှာသူတစ်ယောက်က မြင်နေရတဲ့ လရောင်ကိုတောင် မခိုလှုံရက်တဲ့ အဖြစ်မျိုးနဲ့တူတယ်။ ဒါပေမယ့် အယ်ဒိုရယ် နင်ပြောခဲ့သလို မှောင်နေရင်တောင်မှ အလင်းရောက်အောင် လမ်းပြပေးမယ့် မီးအိမ်လိုငါက နင့်ကို အမှောင်ထုထဲ အတင်းဆွဲခေါ်ရက်ပါ့မလား အယ်ဒို။ နင်သွားမယ့် လမ်းမှာ ငါက ဆူးညှောင့်ခလုတ်မဖြစ်ပဲ နင့်ကို အမြင့်ရောက်အောင် ပို့ဆောင်ပေးမယ့် လှေကားထစ်ကလေးပဲ ဖြစ်ပါရစေ။ ငါဟာ ကိုယ့်ဥယျာဉ်ထဲက ပန်းကို ပြန်နမ်းခွင့်မရှိသူ၊ နွေရာသီထဲကို မုတ်သုန်တွေနဲ့ ဝင်လာခွင့်မရှိတဲ့ ဆောင်းလိုသူ၊ အားလုံး အားလုံး ဝေးကွာခြင်းသီအိုရီတွေအတွက် ကိုယ့်အိပ်မက်ကို ကိုယ်သင်း၊ ကိုယ့်မျှော်လင့်ချက်ကို ကိုယ်နင်း၊ နောက်ဆုံး ကိုယ့်နှလုံးသားကို ကိုယ်ကိုတိုင်ပဲ ကြိုးမိန့်ချလိုက်ပါတယ်။
ငါ နောင်တမရပါဘူး။ ရှိုင်းနက်ပြောင်မြောက် ကြောက်လောက်စရာကောင်းတဲ့ အလွမ်းတွေထဲမှာ ငါတစ်ယောက်တည်း ရှိနေပေမယ့် ငါ အထီးမကျန်ပါဘူး အယ်ဒိုရယ်။ လက်တွေ့ဘဝထဲမှာ နင်မရှိနိုင်ပေမယ့် ငါ စိတ်ကူးလိုက်တိုင်းမှာ နင်က အမြဲရှိတယ်။ နွေသံကြားလိုက်တိုင်းမှာ နင်ရှိတယ်။ မိုးသံကြားလိုက်တိုင်းမှာ နင်ရှိတယ်။ ဆောင်းသံ၊ မြူသံတွေကြားရတိုင်းမှာလည်း နင်ရှိနေပါတယ်။ ငါ့အတွက် နင်ဟာ ထာဝရ ရှိနေသူပါ။ ငါ ဘယ်သွားသွား ဘာလုပ်လုပ် ဘေးနားမှာ နင်အမြဲရှိနေတယ်။ ငါ့ရင်ထဲမှာ နင်ရှိနေမှတော့ ငါဘာကို ကြေကွဲနေရဦးမှာလဲ။ ငါမလွမ်းတော့ပါဘူး အယ်ဒိုရယ်။
ဝလုံးနဲ့သုညဟာ နေရာ အထားအသို အသုံးပြုပုံချင်းမတူကြပေမယ့် ပုံသဏ္ဌာန်ချင်းကတော့ အတူတူပါပဲ။ အားလုံးထက် သာချင်ပေမယ့် ငါ့ရဲ့အချစ်စိတ်ဟာတော့ သုညနဲ့ ယှဉ်ရက်သားဖြစ်နေမိတဲ့ ဝလုံးကလေး ဖြစ်နေမှာပါ။ နင် နားလည်မှာပါစေ အယ်ဒိုရေ။
အချစ်ကြီး ချစ်ပြခဲ့ပြီးမှ အမုန်းကြီးမုန်းတတ်သူရယ်လို့ နင်နာကြည်းနေပြီလား။ ပတ်သက်ခဲ့သမျှ ပုံပြင် အထပ်ထပ်နဲ့ မရစ်ဖွဲ့ခဲ့သလို၊ ဘယ်ဝင်္ကပါထဲကိုမှလည်း ထောင်ချောက်အထပ်ထပ်နဲ့ ပစ်မထည့်ခဲ့ဘူးဆိုတာ  နင်ယုံပေးပါ။ မယုံကြည်ချင်စရာကောင်းလောက်အောင် စိမ်းကားမာကျောတတ်သူရဲ့ ရက်စက်မှုတွေထဲမှာ နင့်အမုန်းတွေနဲ့ ဥပေက္ခာပြုထားလိုက်ပြီလား။ နာကြည်းပါ ၊ မုန်းမေ့ပါ အယ်ဒိုရယ်။ ပြီးရင်တော့ အရင်အတိုင်းပဲ ကောင်းကင်မှာ ထွန်းတောက်တစ်ငွေ့ငွေ့ ငါ့ရင်ခွင်ကို ချမ်းမြေ့နေခွင့်ပေးပါ။
“ကံကြမ္မာ အခြေအနေပေးရင် ပြန်ဆုံချင်သေးတယ်’’ လို့တော့ ငါ ဆုမတောင်းတော့ပါဘူး။ ဘယ်လိုပဲ ပြန်ဆုံဆုံ နင်နဲ့ငါ့ကြားက စည်းတစ်ခုရဲ့ ခြားနားချက်က ဖျက်ပစ်လို့မှ မရတာပဲ။ တကယ်တော့ အယ်ဒိုရယ်။ နင်နဲ့ငါဟာ ကြတ်ခြေခတ်တစ်ခုရဲ့ ဆုံမှတ်ကလေးမှာပဲ ပေါင်းဆုံခွင့်ရှိကြပြီး နောက်ဆုံးတော့ ကိုယ့်လမ်းကိုယ်သွားကြရမယ့် မျဉ်းနှစ်ကြောင်းပါပဲ။ ဘဝပင်လယ်ပြင်မှာ လှေငယ်တစ်စင်းနဲ့ ရွက်လွင့်နေတဲ့ နင့်အတွက် ငါ့ရဲ့ လှိုင်းတစ်ချက်ဒဏ်ကြောင့် ရေမျောကမ်းတင် မျောချင်ရာမျောဆိုသလို မဖြစ်စေချင်ဘူး။ နင့် ဦးတည်ရာကို ဖြောင့်ဖြောင့်တန်းတန်း ရောက်အောင်သွားနိုင်ဖို့ ငါ နင့်အရှေ့က ရေစီးကြောင်းလေးပဲ ဖြစ်ပါရစေ။
သွားလိုက်ပါ။ ထားခဲ့ပါတော့ အယ်ဒိုရယ်။ ဆုံနိုင်ခွင့် ဆိုတာကို ဒီဘဝမှာ မတောင်းဆိုတော့ပေမယ့် အဖန်တလဲလဲ ကျင်လည်နေကြတဲ့ သံသရာမှာ နောင်ဘဝဆိုတာ ရှိလာခဲ့ရင်ဖြင့် နင်နဲ့ငါ့ အကြား ဘာကွာခြားမှုမှ မရှိတဲ့ စွယ်တော်ရွက်လို ဘဝမျိုးနဲ့ ပြန်လည် ချစ်ခွင့်ကြုံဆုံချင်ပါသေးတယ်။ နောင်ဘဝမှာပေါ့။
. . . . . . . .
. . . . . . . .
. . . . . . . .





ဝလုံးကွဲသူ

ချစ်သူ . . .
ပင်လယ်တစ်ခုကို ကျယ်ပြန့်နက်ရှိုင်းလာဖို့
မြစ်ပေါက်စကလေးတွေ တစ်စုချင်းစီးဖွဲ့ဖြစ်တည်လာကြရင်
ငါဟာ .. မြစ်ဖျားခံရာ ချောင်းငယ်လေးတစ်ခုဖြစ်ပါရစေ

အောင်မြင်ခြင်းဆောင်ဖို့
ပန်းပွင့်ပေါင်းစုံနဲ့အပြိုင်
မြတ်သော သပြေအဖြစ်သာ
ငါ့ကို နိုင်ခွင့်ပေးပါ

ချစ်သူရယ် . . .
တစ်ယောက်ရဲ့ခြေလှမ်းနဲ့ တစ်ယောက်
မိုင်တွေ ဘယ်လောက်ဝေးကွာ
ကိုယ်သာပြေးလာမယ်

တိုး တိတ် ငြိမ် သက်
ကတ္ထီပါနွေးရိပ်မှာ
ချစ်ခြင်းရင်ခွင်တစ်စုံနဲ့သာ
ငါ့ကို စောင့်လင့်နေပေးပါ

ညခင်းနဲ့အမှောင်ခွဲမရသလို
လမင်းနဲ့ကြယ်ရောင်တွဲပြသလို
နှလုံးခုန်သံချင်း နှင်းအပ်
မင်းလက်ကိုဆွဲရင်း ကမ္ဘာ့အပြင်ထွက်ချင်တယ်

ကန္တာရက အိုအေစစ်ကိုလိုအပ်သလိုမျိုး
ငါ့အချစ်တွေ မိုးမြင့်ထက်မှာလွင့်မြူးတော့မှ
ကောင်းကင်တစ်ခွင်လုံး
မင်း . . . အုံမှိုင်းရက်လေတယ်

ကိုးစားခြင်းအထပ်ထပ်နဲ့
မုန်တိုင်းကို အံတုချင်တဲ့ ငှက်မျိုး
ခုတော့ . . .
ငါ အတောင်ကျိုးပြီပေါ့ကွယ်

ရယူခြင်းထက် ပေးအပ်ရတာကို
မြတ်နိုးခဲ့သူ . . .
ရာဇဝင်ထဲက မောင်ဖေငယ်လို လူစား
ငါဟာ ဗလာဟင်းလင်းပြင်ထဲမှာ
အကြွင်းသုညတောင် မရခဲ့ပါလား






(အိပ်မက်ဖြူ)

"မေမေသို့"



မေမေ
လောကဓံရဲ့ လှည့်ကွက်တွေ ထဲမှာ
ကျရှူံးခဲ့ရတဲ့ အခါတိုင်း
မေမေ့ရဲ့ ရင်ခွင်ထဲမှာ
ငိုကျွေးလိုက်ချင်တယ်..။

ဘဝကပဲ ဒဏ်ခတ်တာလား
သမီးကပဲ မှားနေတာလား
မေမေ့ရဲ့ မေတ္တာရိပ်နဲ့
ကင်းဝေးတဲ့နေရာတိုင်းမှာ
သမီး အဆင်မပြေဘူးမေမေရယ်...။

လောင်းရိပ်မိတယ်ဆိုပြီး
အရိပ်က ထွက်ပြေးချင်တဲ့ ငှက်ကလေးလေ
နေဒဏ်လေဒဏ်တွေက
ကြမ်းရှလွန်းတယ် မေမေရယ်...။

မမှီပါဘူး..
မမှီပါဘူးမေမေရယ်
ဘယ်လို အရိပ်မျိုးကမှ
မေမေ့လောက်မအေးချမ်းပါဘူး..။
နောင်တတွေ တထွေးတပွေ့နဲ့
အိမ်ပြန်ချင်တဲ့ အခါတိုင်းမှာ
မေမေ့ကို အားနာစိတ်နဲ့
အိမ်ပြန်မဲ့ခြေလှမ်းတွေကို
ချိုးနှိမ်ခဲ့ရပေါင်းလည်းများခဲ့ရပြီ...။

မေမေရေ...
လေလွင့်ငှက်ကလေးရဲ့
ရင်ကွဲတေးသံတွေ
မေမေ့ စိတ်မှာ သိနေမှာပါနော်..။

လွမ်းတယ်..
မေမေ့ရဲ့ အရိပ်ကို မျှော်ရင်း
ပြန်လာခွင့်မရှိတဲ့ဘဝလေးမှာ
အပြစ်တွေင်္အားလုံးအတွက်
ဝန်ချတောင်းပန်ရင်း
သမီးလေ အဝေးကနေ
မေမေကျန်းမာပါစေကြာင်း
ဆုမွန်ကောင်းတောင်းရင်းသာ
သမီး ကန်တော့လိုက်ပါတယ် မေမေ...။
 
(အိပ်မက်ဖြူ)